Wednesday, June 4, 2008

မုန်တိုင်းအလွန် တစ်လကြာ နှိုးဆော်ချက်

မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းဖြတ်ကျော်သွားခဲ့တာ တစ်လကျော်ကြာခဲ့ပါပြီ။

ကျွန်တော်တို့ ပြည်ပရောက်မြန်မာတွေ မုန်တိုင်းပြီးခါစမှာတော့ အားတက်သရော ကူညီခဲ့ပေမယ့် အခုအခါမှာတော့ လူအတော်များများ သွေးအေးသွားတဲ့ အခြေအနေကိုရောက်နေကြပါပြီ။ နာဂစ်ဆိုတာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေပါပြီ။ ဒါပေမယ့် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေ ကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဝေးလို့ ထမင်းနပ်မှန်အောင် မစားရသေးတဲ့သူတွေတောင် သိန်းနဲ့ချီပြီး ရှိနေပါသေးတယ်။ မြန်မာနိုင်ငံကို လက်ရှိ နိုင်ငံတကာက ကူညီထားတဲ့ အကူအညီတွေနဲ့ဆိုရင် ဇူလိုင်လလယ်အထိပဲ ဒုက္ခသည်တွေကို ကျွေးထားနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ ခန်းမှန်းချက်အရ သိရပါတယ်။

အမေရိကန်ရဲ့ ရေတပ်သင်္ဘောလည်း မြန်မာ့ရေပိုင်နက်အနီးကနေ စွန့်ခွာသွားပါပြီ။ မြန်မာအစိုးရကို အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မြန်မာအစိုးရက လက်မခံချင်တဲ့အတွက် သူတို့ တခြားအလုပ်ပဲ သွားလုပ်တော့မယ်လို့ အမေရိကန်စစ်ဗိုလ်ချုပ် တင်မသီဂျေကိတင်းကပြောပါတယ်။ နိုင်ငံတကာက ကျွမ်းကျင်သူတွေကို လက်ခံခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့တာက ကုလသမဂ္ဂက ၀န်ထမ်း ၄၅ ဦးပဲ ဖြစ်ပါတယ်။ အဲဒီသူတွေတောင် အားလုံး ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို တံခါးမရှိ ဓားမရှိဝင်ထွက်ခွင့်ရတာ မဟုတ်ပါဘူး။

နိုင်ငံတကာ က ပြည်သူတွေကလည်း မြန်မာနိုင်ငံကို လှူတာ မထိရောက်မယ့်အတူတူ ဆိုပြီး မလှူကြပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကိုလည်း အပြစ်တင်လို့ မရပါဘူး။ လူအတော်များများရဲ့ အမြင်ကတော့ ကိုယ့်ချွေးနဲစာ နဲ့ ရှာထားတဲ့ ပိုက်ဆံကို ဒုက္ခရောက်နေတဲ့ သူတွေအတွက် ကူညီဖို့ ၀န်မလေးကြပေမယ့် ပွင့်လင်းမှုမရှိတဲ့ စာရင်းဇယားတွေ ကြားမှာ တစ်စုံတစ်ယောက်က အလွဲသုံးစား လုပ်ပစ်မှာကို တော့ မလိုလားကြပါဘူး။

အဲဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲဆိုတာကို စဉ်းစားရမယ့် အချိန်ရောက်နေပါပြီ။ အမေရိကန်တပ်ဝင်လာရင် ကောင်းမှာပဲဆိုတဲ့ ကျွန်တော်တို့ရဲ့ အကောင်းမြင်ဖက်က မျှော်လင့်ချက်ကို မေ့ပစ်လိုက်ဖို့ အချိန်ရောက်နေပါပြီ။ မြန်မာနိုင်ငံမှာ လူ ၁ သန်းကျော် သေမယ့် အရေးကို တောင် ကုလသမဂ္ဂက ၀င်မစွက်ခဲ့ရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ ယူအင်န်စစ်တပ်တို့ အစရှိတဲ့ ရွှေရောင်လွှမ်းတဲ့ အိပ်မက်လှလှကလေးတွေကို မျှော်လင့်ချက်မထားကြဖို့ အချိန်ရောက်နေပါပြီ။

တစ်မြေတည်းမွေးတဲ့ ကျွန်တော်တို့ရဲ့ သွေးသားရင်းချာမြန်မာလူမျိုးတွေ ဒုက္ခတွေ့နေတာကို ကျွန်တော်တို့တွေ ဘယ်သူမှ လက်ပိုက်ပြီး ကြည့်မနေချင်တာတော့ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ အတိုင်းအတာတစ်ခုအထိရှိတဲ့ ပြည့်စုံမှုတွေနဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကွက်လပ်ကလေးတွေကို တတ်နိုင်သလောက် ကူညီဖြည့်ဆည်းပေးကြဖို့ သင့်ပါတယ်။ အဲဒီလိုကူညီပေးတဲ့နေရာမှာလည်း ငါပိုက်ဆံဘယ်လောက်တော့ လှူလိုက်တာပဲဆိုတဲ့ ကိုယ့်ကိုယ်ကို လိပ်ပြာသန့်ရုံ ကူညီတဲ့ အကူအညီမျိုးထက် ပိုပြီး ပေးဖို့ လိုအပ်နေပါပြီ။

စားလည်းနာဂစ် အိပ်လည်းနာဂစ်လုပ်နေဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘ၀တွေလည်း ရှေ့ဆက်လျှောက်ရဖို့ ရှိပါသေးတယ်။ Life have to move on ဆိုတဲ့ စကားအတိုင်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အရသာရှိတဲ့ အစားအသောက်တွေ စားနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေ အရသာမရှိတဲ့ အစားအစာတောင် စားစရာမရှိတာကို တစ်ခါတစ်လေတော့ သတိရပြီး စာနာပေး ကြပါ။ ကျွန်တော်တို့ လေအေးစက် အပူပေးစက်တွေနဲ့ နွေးနွေးထွေးထွေး အိပ်နေတဲ့ အချိန်အမှာ အမိုးအကာမရှိတဲ့နေရာက ဒုက္ခသည်တွေအတွက် တစ်ခါတစ်လေလောက် သတိရပေးကြပါ။

အဲဒီလိုတွေးမိတဲ့အခါမှာလည်း သူတို့အတွက် ကျွန်တော်တို့ ဘယ်လိုအကူအညီ ပေးနိုင်မယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြည့်ကြပါ။ ဦးနှောက်တစ်ခုတည်း အလုပ်လုပ်လို့ အဖြေမရနိုင်ပေမယ့် ကျွန်တော်တို့ ဦးနှောက်တွေ အများကြီး ၀ိုင်းပြီး အလုပ်လုပ်ရင် အဆုံးသတ်အဖြေမထုတ်နိုင်ရင်တောင် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးသက်ရောက်မှုရှိတဲ့ အဖြေတစ်ခုတော့ ထွက်လာမှာ အမှန်ပါပဲ။

ကျွန်တော့်ရဲ့ အမြင်ကို ဆွေးနွေးရရင်တော့ ရေရှည်ထောက်ပံ့နိုင်မယ့် ရန်ပုံငွေ အစီအစဉ်တစ်ခုဖြစ်ဖြစ် ထူထောင်ဖို့ လိုအပ်နေပြီ လို့ ထင်ပါတယ်။ ဥပမာ စင်ကာပူနိုင်ငံက လူမှုဝန်ထမ်းအဖွဲ့တွေ အလှူခံသလို တစ်လကို လခထဲက ၁၀ ပဲဖြစ်ဖြစ် ၂၀ ပဲဖြစ်ဖြစ် ပုံမှန် အလှူခံပြီး လှူဒါန်းနိုင်ရင် အားလုံးကို မကူညီပေးနိုင်ပေမယ့် တစ်စုံတစ်ခုသော ထိရောက်မှုတော့ ရှိမှာပါ။

လူတစ်ထောင်ကျော်ပါတဲ့ သင်္ဘောတစ်စီးနစ်သွားတာကို မျက်စိရှေ့မှာ မြင်နေရတဲ့ အချိန်မှာ အကုန်လုံးမဆယ်နိုင်မဲ့ အတူတူ မျက်စိမှိတ်ထားလိုက်မယ် လို့တော့ လုပ်ဖို့ မသင့်ပါဘူး။ တစ်ယောက်ပဲရရ နှစ်ယောက်ပဲရရ ကျွန်တော်တို့ ကယ်ဆယ်ကြရမှာပါ။

အဲဒီတော့ ကျွန်တော်တို့ တစ်မြေတည်းနေ တရေတည်းသောက် ကြီးပြင်းလာခဲ့ကြတဲ့ သားချင်းတွေအတွက် ဘာဆက်လုပ်သင့်သလဲ ဆိုတာ ၀ိုင်းဝန်းပြီး အဖြေထုတ်ဖို့ လိုအပ်နေပြီ ဆိုတာကို သတိပေးလိုက်ပါရစေ။

0 comments: